***Messenger အက်ပလီကေးရှင်းထဲမှာ ၀ှက်ထားတဲ့ ဘတ်စကတ်ဘောဂိမ်းကို ဘယ်လိုကစားကြမလဲ***
အသစ်ထွက်လာတဲ့ Facebook ရဲ့ Messenger အက်ပလီကေးရှင်း update မှာ ဘတ်စကတ်ဘော ဂိမ်းတစ်ခု လှို့ဝှက်စွာ ပါဝင်လာတယ်ဆိုတာကို စာဖတ်သူတို့ သိကြရဲ့လား။
ဒီဂိမ်းဟာ အရင် စမတ်ဖုန်းတွေပေါ်စတုန်းက လူငယ်တွေကြားမှာ ခေတ်စားခဲ့တဲ့၊ Paper Toss ဂိမ်းလိုမျိုးပဲ ဖြစ်ပြီး၊ ဘတ်စကတ်ဘော ဘောလုံးတစ်လုံးကို ပိုက်ထဲဝင်အောင် ပစ်ထည့်ကစားရမှာဖြစ်ပါတယ်။
ဘောလုံး တစ်လုံးဝင်ရင် အမှတ်တစ်မှတ် ရမှာဖြစ်ကာ၊ တစ်လုံးချော်သွားတာနဲ့ တစ်မှတ် ကနေ ပြန်စရမှာ ဖြစ်ပါတယ်။ ဆယ်မှတ် ကျော်သွားတာနဲ့ ပိုက်က ဘယ်ညာလှုပ်ရှားနေမှာဖြစ်ပြီး၊ ဘောလုံးကို ခက်ခက်ခဲခဲ ၀င်အောင် ပစ်ထည့်ပေးရမှာဖြစ်ပါတယ်။
Facebook ဟာ ဒီဂိမ်းကို Messenger အတွင်းမှာ ၀ှက်ထည့်ထားတာဖြစ်တာကြောင့်၊ ဒီတိုင်း လိုက်ရှာနေလို့ ကတော့ တွေ့မှာမဟုတ်ပါဘူး။
ဒါပေမယ့် မပူပါနဲ့။ အောက်ပါနည်းလမ်းလေးတွေအတိုင်း လိုက်လုပ်လိုက်ရင် Messenger သုံးနေရင်းနဲ့ အပျင်းပြေ ဘတ်စကတ်ဘောဂိမ်းလေး ကစားနိုင်မှာဖြစ်ပါတယ်။
(၁) ပထမဦးဆုံး Messenger အက်ပလီကေးရှင်းကို update မလုပ်ရသေးဘူးဆိုရင် update လုပ်လိုက်ပါ။ (သူငယ်ချင်းတစ်ယောက်ယောက် update ဆွဲပြီးသားရှိရင်လည်း Zapya နဲ့ဖြစ်ဖြစ် တောင်းလိုက်ပေါ့
(၂) သူငယ်ချင်းတစ်ယောက်ယောက်ကို ဘတ်စကတ်ဘောပုံ emoji လေး ပို့လိုက်ပါ။ ( emoji ပုံပါ။ sticker တွေထဲမှာ လိုက်မရှာပါနဲ့။ စာရိုက်တဲ့ box ဘေးနားက emoji ပုံလေးတွေထဲက၊ ခေါင်းလောင်းပုံ အောက်မှာ ဘတ်စကတ်ဘောပုံ ရှိပါတယ်။)
(၃) ပို့ပြီးသွားရင်၊ အဲဒီ ဘတ်စကတ်ဘောပုံလေးကို နှိပ်လိုက်ပါ။
(၄) ဒါဆိုရင် ဂိမ်းစခရင်ပေါ်လာမှာဖြစ်ပြီး၊ ဘတ်စကတ်ဘောလုံးကို လက်နဲ့ပစ်ကာ၊ ခြင်းထဲ ၀င်အောင် ထည့်ရာမှာဖြစ်ပါတယ်။ ခြင်းထဲဝင်သွားရင်၊ အမှတ် တက်လာတာကို မြင်ရမှာပါ။
ကိုယ်အများဆုံးရတဲ့အမှတ်ကို မက်ဆေ့ဘောက်ထဲမှာ ဖော်ပြထားမှာဖြစ်လို့၊ ကိုယ့်သူငယ်ချင်းတွေလည်း မြင်တွေ့နိုင်ပြီး၊ ဘယ်သူ အမှတ်များများပိုရလဲဆိုတာ ပြိုင်ကစားနိုင်မှာဖြစ်ပါတယ်။ PC နဲ့ web browser ကနေ Messenger ကို သုံးတဲ့လူတွေတော့ ဆော့ကစားနိုင်မှာမဟုတ်ဘဲ၊ မိုဘိုင်း အက်ပလီကေးရှင်း Messenger ကနေသာ ကစားနိုင်မှာဖြစ်ပါတယ်။
Messenger ထဲမှာ အခုလို hidden game တစ်ခု ပါလာတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ Facebook ဟာ အရင်တုန်းကလည်း Chess ဂိမ်းတစ်ခုကို Messenger ထဲ ဘယ်သူမှမသိအောင် ထည့်ထားဖူးပါတယ်။
Ref: Cnet, Telegraph
Digital Times
0 Comments